ကျနော်နေရာလေးကို ရောက်လာတဲ့ သူငယ်ချင်းကို အများကြီးကျေးဇူးတင်ရှိပါတယ်ဗျာ

Friday, March 22, 2013



ဘုရားလောင်း၏ကြင်ယာတော်နှင့် သားတော်များအကြောင်း

ဗုဒ္ဓ ဘုရားအလောင်းတော်ဘ၀မှ ကြင်ယာတော် ၊ သားတော်များအကြောင်းနှင့်ပတ်သက် ၍အငြင်းပွားနေကြသည်ကို တွေ့နေရပါသည် ။ ပထမလူတစ်စုမှာ ဂေါတမဘုရားရှင်သည် မင်းသားဘ၀တွင် မယား ၇ ယောက် ၊ သား ၇ ယောက် ရှိကြောင်း ပြောဆိုရေးသားတင်ပြကြသည် ။ ၎င်းမယား ၇ယောက်မှာ - ၁ ။ သုဘနာ နှင့်သားတော် သမ၀တ္တက္ခန္ဓ ၂ ။ သဗ္ဗကာမာ နှင့်သားတော် အတုလ ၃ ။ သုစိတ္တာ နှင့်သားတော် သုပ္ပဗုဒ္ဓ ၄ ။ ရောစီနီ နှင့်သားတော် ဥတ္တရ ၅ ။ ရုစဂ္ဂတီ နှင့်သားတော် သတ္တ၀ါဟ ၆ ။ သုနန္ဒ နှင့်သားတော် ၀ိဇိတသေန ၇ ။ ယသောဓရာဗိမ္မာဒေ၀ီ နှင့်သားတော် ရာဟုလာ တို့ ဖြစ်ကြသည်ဟု ဆိုလေသည် ။ ဒုတိယလူစုမှ ဘုရားအလောင်းတော်သည် မယား ၇ယောက် ၊ သား ၇ ယောက် ရှိသည်ဟု မကြားဖူး ။ (ဗုဒ္ဓဘာသာအထွေထွေနိဗ္ဗာန်ပေါက်လက်စွဲကျမ်း) စာမျက်နှာ၉၀တွင် မယား ၅ ယောက် ၊ သား ၅ ယောက်ရှိ ကြောင်း ပြဆိုထားသည်ကို တွေ့ဖူး ဖတ်ဖူးကြောင်းပြောဆို ရေးသားလာကြ ပြန်သည် ။ ၎င်း မယား ၅ ယောက် ၊ သား ၅ ယောက် အမည် များကို စာမျက်နှာ ၉၀ တွင် အောက်ပါ အတိုင်း ရေးပြထားပါသည် ။ - ဗုဒ္ဓ၀င်အဋ္ဌကထာတွင် ဤသို့လာ၏ ၊ သိဒ္ဓတ္ထမင်းသားအား မြောက်သား ငါးယောက်ရှိ၏ ။ ပထမ ယသောဓရာ ၊ ထို့နောက် သုမိတ္တ ၊ ကဉ္စန ၊ မင်္ဂလ နှင့်မလ္လိကာမိဖုရား ဟူ၍ ငါးပါး ဖြစ်သဖြင့် သားလည်း ငါးယောက် ဖြစ်လေသည် ။ ယသောဓရာ၏သားကြီး ရာဟုလာ ၊ သုမိတ္တာ၏သားကား ပုတ္တ ၊ ကဉ္စန၏သားကား ဥပရောဂ ၊ မင်္ဂလ၏သားကား သင်္ဃာဝရ ၊ မလ္လိကာ၏သားကား ဇာတိဝရ ဖြစ်၏ ။ ပေါင်းစုက ပဉ္စပုတ္တဘွဲ့တော်ရ၍ အရိယာငါးပါး ဖြစ်ကြောင်း ဗုဒ္ဓ၀င်မှအကျဉ်းပြ၏ ။ အမှန်ကိုသိလိုက ဒီဃနိကာယ်အကျယ်ကျမ်း ကြည့် ပါလေဟု ဖော်ပြထားပါသည် ။ ၎င်းစာသည် အနာဂတ၀င်ကျမ်းငယ်မှလာသည် ဖြစ်၏ ။ အနာဂတ၀င်ကျမ်းငယ်တွင် ထိုအကြောင်း လင်္ကာလေးနှင့် ပြဆိုထားပါသည် ။ " ကဿပဟု ၊ ဗုဒ္ဓမြတ်စွာ ၊ သုံးရွာသခင် ၊ မြတ်ချစ်ရှင်၏ ၊ဗုဒ္ဓ၀င်မွေခံ ၊ နာမံမည်မှတ် ၊ သိဒ္ဓတ်မင်းသား ၊ မြောက်သားငါးယောက် ၊ ကြီးမြောက်ရသော် ၊ ထိုရော်သုမိတ္တ ၊ ကဉ္စနနှင့် ၊ မင်္ဂလဟူ ၊ ဘွဲ့မူသာယာ ၊ မာလိကာမိဖုရား ၊ စဉ်လိုက်ထားမှ ၊ သားကားငါးယောက် ၊ ကြီးမြောက်နန်းလျာ ၊ ရာဟုလာဟု ၊ ရေမှတ်ပြုမှ ၊ ထိုမှတစ်ဖန် ၊ သုမိတ္တံလျှင် ၊ မွေးမြင်သည် သား ၊ အများခေါ်ကြ ၊ သားပုတ္တလျှင် ၊ အမည်တွင်မှ ၊ကဉ္စနမိဖုရား မွေးသည့်သားကား ၊ အများတွင်ခေါ် ၊ သားတော်ဥပယောဂ ၊ တွင်ပေစွဟု ၊ မင်္ဂလဟူ ၊ သားတော်မူလည်း ၊ ထို့တူမည်ရ ၊ သင်္ဃ၀ရ ၊ ထိုမှတစ်ပါး မိဖုရားမာလ္လိကာ ၊ သားတော်မှာလည်း ၊ မည်သာတွင်သည့် ဇာတိဝရ ၊ ပေါင်းစုကလည်း ၊ ပဉ္စဗုဒ္ဓ ၊ ဘွဲ့တော်ရ၏ ၊ အရိယာငါး ၊ ဖြစ်ကြောင်းများကို နောက် သားသိမြင် ၊ ဗုဒ္ဓ၀င်မှ ၊မကျဉ်းပြ၏ ၊ ထိုမှတစ်ဖန် ၊ အမှန်သိရ ၊ ဒီဃနိကာယ် ၊ အကျယ်ကျမ်းပြ ၊ သိပါရ၏ ။ လောကသခင် ၊ လူတွင်လူမြတ် ၊ သိဒ္ဓတ်မင်းသား ၊ ဘုရားအနွယ် ၊ ကျဉ်းကျယ်ထုတ်ပြ ၊ လေးရပ်သောသူ ၊ လေးမျိုးလူတို့ ၊ သိယူသောအား ၊ မှတ်သားစိမ့်ငှာ ၊ ပျို့ကဗျာနှင့် ၊သိသာစိမ့် ကြောင်း ၊ ဉာဏ်ဖြင့်လောင်း၍ ၊ ထုံးဟောင်း သက်သေ ၊ ကျမ်းကိုဖွေမှ ၊ တွေ့ပါကလည်း ၊ ခဏမကြာ ၊ ကဗျာစီကုံး ၊ အကျဉ်းရုံး၍ ၊ နောင်ထုံးစဉ်လာ ၊ မျိုးလေးဖြာတို့ ၊ သိသာခြားနား ၊ မှတ်သားစရာ ၊ ကျမ်းလာအလို ၊ လင်္ကာဆိုသည် ၊ မှတ်လိုသူတို့ သိကြောင်းတည်း " အထက်ပါလင်္ကာကို ယူ၍ ဗုဒ္ဓဘာသာအထွေထွေနိဗ္ဗာန်ပေါက်လက်စွဲကျမ်း မှ စကားပြေ ပြန်ရေးထားခြင်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည် ။ ထို့နောက် တတိယလူစုသည်ကား ဘုရားအလောင်းတော်တွင် မိဖုရား ၅ ပါး လည်း မဟုတ် ၊ ၇ပါး လည်း မဟုတ် ၊ အမှန်တစ်ကယ်ရှိသည်ကား မိဖုရားလည်း ယသောဓရာတစ်ပါးပဲ ရှိသည် ။ သားတော် လည်းရာဟုလာ တစ်ပါးပဲ ရှိသည်ဟု ဆိုသည် ။ အမှန်မှာ တတိယလူစု၏ ဖိဖုရားလည်း ယသောဓရာဗိမ္ဗေဒေ၀ီ တစ်ဦးတည်း ၊ သားတော် လည်း ရာဟုလာ တစ်ဦးတည်းသာရှိပါသည် ။ မယား ၇ယောက် ၊ သား ၇ယောက် ဆိုသည်မှာ - ဒီဃနိကာယ် မဟာဝဂ္ဂဋ္ဌကထာ ဆဋ္ဌမူ စာမျက်နှာ ၁၅ , ၁၆ တို့တွင် ဘုရားခုနှစ်ဆူနှင့်သားတော် ၇ပါး ကြင်ယာတော် ၇ပါးတို့ကို ဂါထာဖွဲ့ပြီး ပြထားပါသည် ။ သားတော် ၇ပါးဘွဲ့ဂါထာ - သမ၀တ္တက္ခန္ဓော အတုလော ၊ သုပ္ပဗုဒ္ဓေါ စ ဥတ္တရော ။ သတ္တ၀ါဟော ၀ိဇိတသေနော ၊ ရာဟုလော ဘ၀တိ သတ္တမော -- အထက်ပါဂါထာသည် ဘုရားလောင်း ခုနှစ်ပါးတို့၏ အစဉ်အတိုင်း သားတော် ၇ ပါး ဖြစ်ကြောင်းကို " ဧတေ တာဝ သတ္တန္နံ ဗောဓိသတ္တာနံ အနုက္ကမေနေ၀ သတ္တပုတ္တာ ဝေဒိတဗ္ဗာ " ဟု အတိ အလင်းဖော်ပြထား၏ ။ ထို့အတူ ဘုရားလောင်း ၇ပါးတို့၏ ကြင်ယာတော် ၇ယောက်တို့ကိုလည်း -- သုတနာ သဗ္ဗကာမာ စ ၊ သုစိတ္တာ အထ ရောစိနီ ။ ရုစဂ္ဂတီ သုနန္ဒာ စ ၊ ဗိမ္မာ ဘ၀တိ သတ္တမာ -- ဟု ဂါထာဖွဲ့ပြီး " ဧတာ တေသံ သတ္တန္နမ္ပိ ပုတ္တာနံ မာတရော အဟေသုံ " ဟု ဆက်၍ ပြဆိုပါသည် ။ အဓိပ္ပာယ်မှာ သည်အမျိုးသမီး ၇ဦးတို့သည် ထိုသားတော် ၇ပါးတို့၏ မိခင်များ ဖြစ်ကြပါသည် ဟုဆိုလို ပါသည် ။ ဘုရား ၇ဆူတို့၏ ထိုသားတော် ကြင်ယာတော်များကို ဗုဒ္ဓ၀ံသအဋ္ဌကထာနှင့် ညှိကြည့်မည် ဆိုပါလျှင် -- (၁) ဗုဒ္ဓ၀ံသအဋ္ဌကထာ ။ ဆဋ္ဌမူ နှာ - ၂၈၃ တွင် " သုတနု နာမဿ အဂ္ဂမဟေသီ ၊ သမ၀တ္တက္ကန္ဓော နာမဿ ပုတ္တော " ၀ိပဿီဘုရားရှင်၏ မိဖုရားမှာ သုဘနာ ၊ သားတော်ကား သမ၀တ္တက္ခန္ဓ (၂) စာမျက်နှာ ၂၈၉ တွင် -- " သဗ္ဗကာမာ နာမဿ အဂ္ဂမဟေသီ ၊ အတုလော နာမဿ ပုတ္တော " သိခီဘုရားရှင်၏ မိဖုရားမှာ သဗ္ဗကာမာ ၊ သားတော်ကား အတုလ (၃) စာမျက်နှာ ၂၉၄ တွင် -- " သုစိတ္တာ နာမဿ ဘရိယာ ၊ သုပ္ပဗုဒ္ဓေါ နာမဿ ပုတ္တော " ဝေဿဘူဘုရားရှင်၏ မိဖုရားမှာ သုစိတ္တာ ၊ သားတော်ကား သုပ္ပဗုဒ္ဓ (၄) စာမျက်နှာ ၃၀၀ တွင် -- " ဘရိယာ ပနဿ ရောစိနီနာမ ဗြဟ္မဏီ ၊ ဥတ္တရော နာမ ပုတ္တော " ကကုသန်ဘုရားရှင်၏ မိဖုရားမှာ ရောစိနီပုဏ္ဏေးမ ၊ သားတော်ကား ဥတ္တရ (၅) စာမျက်နှာ ၃၀၅ တွင် -- " ဘရိယာ ပနဿ ရုစိဂတ္တာ နာမ ဗြဟ္မဏီ ၊ သတ္တ၀ါဟော နာမ ပုတ္တော " ကောဏာဂုမ်ဘုရားရှင်၏ မိဖုရားမှာ ရုစိဂတ္တပုဏ္ဏေးမ ၊ သားတော်ကား သတ္တ၀ါဟ (၆) စာမျက်နှာ ၃၁၂ တွင် - " သုနန္ဒာ နာမဿ အဂ္ဂမဟေသီ ၊ ၀ိဇိတသေနော နာမ ပုတ္တော " ကဿပဘုရားရှင်၏ မိဖုရားမှာ သုနန္ဒာ ၊ သားတော်ကား ၀ိဇိတသေန (၇) ဂေါတမဘုရားရှင်၏ မိဖုရားမှာ ယသောဓရာ ဗိမ္ဗာဒေ၀ီ ၊ သားတော်ကား ရာဟုလာ ဖြစ်သည် ။ ထို့ကြောင့် ဂေါတမဘုရားလောင်းတွင် မယား ၇ ယောက် ၊ သား ၇ယောက် မရှိပေ ။ မယား တစ်ယောက် ၊ သားတစ်ယောက်သာ ရှိသည် ။ ဘုရား ၇ဆူ၏ သားမယားများနှင့် မှားယွင်း၍ မယား ၇ယောက် ၊ သား ၇ယောက် ဟု ရေးကြ ပြောကြသည် ။ ဤကမ္ဘာတွင် ပွင့်သည့် ဘုရား ငါးဆူတို့၏ သားမယားများနှင့် ရောပြွန်း၍ မယား ၅ ယောက် ၊ သား ၅ယောက် ဟု ရေးကြ ပြောကြသည် ။ ထိုရေးသားချက်များသည် အမှန်မဟုတ်ပေ ။ အခုတင်ပြထားသည်မှာ အမှန်ဖြစ်သည် ။ မှားယွင်း၍ ပြောဆိုရေးသားတင်ပြနေသူများ အသေအချာ မှတ်သားသင့်ပေ၏ ။ မှတ်ချက်။ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ အမှတ်စဉ်(၁)စာပေများအားရေးသားဖော်ပြအပ်ပါသည် ။ မောင်သိန်းထိုက်

http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:254329 မှကူးယူပါသည်...

No comments:

Post a Comment